ဒုဗိုလ်မှူးကြီး ဆွန်ခေါပေါင်အား (ဗ.က.ပ) စစ်ဆင်ရေး နှင့် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခံရခြင်း
အင်းစိန်တိုက်ပွဲအပြီး KNDO တပ်သည် ထိုင်း-ဗမာ နယ်စပ် ဘက်တွင်
ဆုတ်ခွာသွားကြသည်။ KNDO တို့ဆုတ်ခွာပြီးသည့် နောက်ပိုင်းတွင်
ချင်းသေနတ်ကိုင်တပ်ရင်း (၂) သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) တို့နှင့်
ရင်ဆိုင်ရတော့သည်။ ၁၉၅ဝ ဇနန်ဝါရီလတွင် ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင်
ဦးစီးသော ချင်းသေနတ်ကိုင် တပ်ရင်း (၂) သည် ဗ.က.ပ တို့ထိန်းချုပ်ထားသော
ပြည်မြို့ အားသိမ်းပိုက်နိုင်ခဲ့သည်။ ထိုနောက် ဗ.က.ပ
တပ်တို့နှင့်တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး သရက်မြို့အား ၁၉၅ဝ ခုနှစ်
ဖေဖေါ်ဝါရီလ တွင် သိမ်းပိုက်နိုင်ခဲ့ကြသည်။ ဗိုလ်မှူးကြီး ဆွန်ခိုပေါင် သည်
သရက်မြို့၏ လုံးခြုံရေးကို ရှမ်းသေနတ်ကိုင်တပ်ရင်း (၁)
သို့လွှဲအပ်ပြီးနောက် ပြည်မြို့အား တပ်ရင်းရုံးချုပ် အဖြစ် သတ်မှတ်ခဲ့သည်။
ထိုနောက်ပိုင်းအဖြစ်အပျက်ကို Dr.Vum Son ရေးသားထားသော Zo History
စာအုပ်ထဲတွင် ဖော်ပြထားသည်မှာ … ဒု-ဗိုလ်မှူးကြီးဆွန်ခိုပေါင် နှင့်
သူ့တပ်ရင်း ပြည်မြို့တွင် စခန်းချစဉ် သခင်သန်းထွန်းအပါအဝင် ဗ.က.ပ
ခေါင်းဆောင်များသည် ပြည်မြို့အနီးတစ်ဝိုက်တွင်ရောက်ရှိကြောင်း
မြန်မာ့တပ်မတော် ထောက်လှမ်းရေးမှ သတင်းရရှိသည်နှင့်တစ်ပြိုင်နက်
ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင် အား ဗ.က.ပ ခေါင်းဆောင်များအား ဖမ်းဆီးရန်
အမိန့်ပေးခြင်းခံရသည်။
ယင်း တိုက်ပွဲအတွက် ပြင်ဆင် နေချိန်တွင် သူ၏
အထက်အရာရှိ ဗိုလ်မှူးချုပ် ကျော်ဇောမှ ရက်အနည်းငယ်စောင့်ဆိုင်းရန်
အမိန့်ပေး ခဲ့သည်။ နောက်ဆုံး ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင် သည် ဗ.က.ပ
တို့အားသွားရောက်နိမ်နင်းရာတွင် ဗ.က.ပ ခေါင်းဆောင်တို့သည်
လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ ထိုကိစ္စကြောင့် ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင်
သည် ဗိုလ်မှူးချုပ် ကျော်ဇောအပေါ်တွင် မကျေမနပ်ဖြစ်ကာ အဖြစ်အပျက်များကို
စစ်ရုံးချုပ်သို့တိုင်ကြားခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် မိမိအထက်အရာရှိအား
တိုင်တန်းဖြင်း၊ စွဲစွဲခြင်းသည် တပ်မတော်စည်းကမ်းနှင့်မညီ ဟုဆိုကာ တပ်မတော်
ဥပဒေအရ ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင် သည် ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသည်။
၁၉၅၇ ခုနှစ်ဧပြီလတွင် ဗိုလ်မှူးချုပ်ကျော်ဇောသည် ဗ.က.ပ တို့အား
အကူညီပေးသည့် အထောက်ထားများတွေ့ရှိသဖြင့် ဗမာ့ တပ်မတော် မှသူ့အား
ထုတ်ပယ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် သူ၏မူလရာထူးအား ပြန်လည်ထမ်းဆောင်ရန်
တောင်းခံခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ချေ .. ဟူ၍ရေးသားထားသည်။
တပ်မတော် စစ်ရုံးချုပ်မှတ်တမ်းတစ်ခု (A Paper on the Chin Affairs in
the Army) ထဲတွင်မူ ဒု-ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် တပမ်မတော်
စည်းကမ်းပိုင်းဆိုင်ရာ ဖောက်ဖျက်မှုကြောင့် စစ်ခုံရုံးတင်ရခြင်းဖြစ်ပြီး
စစ်ခုံရုံးတင်ရသည့် အကြောင်းရင်းများကို အောက်ပါအတိုင်းရေးသားထားသည်။
“ဒုဗိုလ်မှူးကြီးဆွန်ခိုပေါင်သည် သူ စစ်မှုထမ်းသည့် ကာလတွင်
အထက်အရာရှိများ၏ အမိန့်ကို ဖီဆန်ခြင်း၊ အရာရှိများအား ဝေဖန်ခြင်း နှင့်
လေးစားမှု မရှိခြင်းများကြောင့် စစ်ရုံးချုပ်မှ သူ့အား
ဖမ်းဝရမ်းထုတ်ထားပြီး စစ်ခုံရုံးတွင် စစ်ဆေးစီရင်ရန်စီစဉ်နေသည်။ အမှု
စစ်ဆေးဆဲဖြစ်နေသဖြင့် အသေးစိတ်အစီရင်ခံရန် မဖြစ်နိုင်သေးပါ။ အမှု၏
အကြောင်းရင်းခံ တရားများမှာ အောက်ပါအချက်အများကြောင့်
တရားစွဲဆိုခံရခြင်းဖြစ်သည်။
၁၅။ ၁၉၄၉ ခုနှစ်နိုဝင်ဘာလ ကေအင်ဒီအို တို့အားစစ်ဆင်ချိန်
စာဘူးတောင်းစစ်ဆင်ရေး ဆင်နွှဲနေချိန်တွင် သူ့အား တောင်ပိုင်းစစ်တိုင်းခွဲ
(Southern Burma Sub Division) မှ စာဘူးတောင်းရွာ တောင်ဘက်ရှိ
လှည်းကူးမြို့ လုံခြုံရေးအတွက် ချင်းသေနတ်ကိုင်တပ်ရင်း (၂) မှ တပ်ခွဲ
(Company) တစ်ခွဲပို့ဆောင်ရန် အမိန့်ပေးခဲ့သည်။ သို့သော်
ဒု-ဗိုလ်မှူးကြီးမှ “စစ်ဗျူဟာအရ သူ့အနေဖြင့် သူ့တပ်ရင်းအား
အုပ်စုနှစ်စုထက်ပိုပြီး မခွဲနိုင်ပါ။ သူ့တပ်ရင်းအတွင်း
အုပ်စုခွဲမယ်ဆိုရင်လည်း အုပ်စုတစ်စုတွင် အနည်းဆုံး တပ်ခွဲနှစ်ခွဲမရှိရင်
မလွှတ်နိုင်ပါ” လို့အမိန့်ကို ဖီဆန်ခဲ့သည်။ ဒါပေမယ့်နောက်ဆုံး
တပ်ခွဲတစ်ခွဲသူပို့လိုက်ရသည်။
၁၆။ ၁၉၅၀ ဇန်နဝါရီလ စစ်ဆင်ရေးတွင် သူ့တပ်ရင်းသည် ရေးဆွဲထားသည့်
စစ်ဆင်ရေးအစီအစဉ် ကိုလိုက်နာခြင်းမရှိခဲ့ချေ။ ထို့ကြောင့်
တောင်ပိုင်းစစ်တိုင်းခွဲမှ သူ့အား စီစဉ်ထားသည့် အချိန်ဇယားအတိုင်း
လိုက်နာရန် အမိန့်ပေးခဲ့သည်။ ထိုအမိန့်အပေါ် ဒုဗိုလ်မှူးကြီး
ဆွန်ခေါပေါင်မှ ပြန်လည်တုန့်ပြန်ရာတွင် “ရုံးထဲမှာထိုင်ပြီး စစ်တိုက်ရတာ
နှင့် စစ်မြေပြင်မှာ စစ်တိုက်ရတာဟာ မိုး နဲ့ မြေလို ကွာခြားတယ်ဆိုတာ
ခင်ဗျားတို့ သိဖို့လိုတယ်” လို့တုန့်ပြန်လိုက်သည်။
ကျွန်တော်တို့နားလည်းချက်အရ နောက်ဆုံးတွင် သူအမိန့်ကို လိုက်နာခဲ့ရသည်။
၁၇။ တစ်ဖန် ၁၉၅ဝ ဇန်နဝါရီလ စစ်ဆင်ရေးမှာဘဲ သူ့တပ်ရင်းထဲမှာ
စစ်ရုံးချုပ်ကနေ ခန့်အပ်ထားခြင်းမဟုတ်သည့် သူ့သဘောနဲ့သူ
ခန့်အပ်ထားသည့်ဗိုလ်ကြီး တစ်ယောက်ရှိသည်။ ဤသည် ကို စစ်ရုံးချုပ်က သိရှိ၍
ဒုဗိုလ်မှူးကြီးဆွန်ခိုပေါင်အား သူခန့်အပ်ထားသည့် ယာယီဗိုလ်ကြီးတစ်ဦးအား
သူ့မူလ ရာထူးဖြစ်သည့် ဗိုလ် (Lieutanant) သို့ ပြန်လည် သတ်မှတ်ရန်
စစ်ရာထူးခန့်ချုပ်မှ (Military Secretary for War Office) သူ့အား
အမိန့်ပေးခဲ့သည်။
ဒုဗိုလ်မှူးကြီး ဆွန်ခေါပေါင်မှ ပြန်လည်တုန့်ပြန်ရာတွင်
“စစ်ဆင်ရေးဆောင်ရွက်နေတဲ့အချိန်၊ ဒီလိုမျိုးအချိန်အခါမှာ သူ့အား ရာထူးအဆင့်
ပြန်လျှော့ပေးရန်မှာ ပါးနပ်မှုမရှိတဲ့အလုပ်၊
ပရိယာယ်ကြွယ်ဝခြင်းမရှိတဲ့အလုပ်၊ မရိုးသားတဲ့အလုပ် ဖြစ်သောကြောင့်
သူ့အနေဖြင့် မလုပ်နိုင်ကြောင်း” ပြန်လည်တုန့်ပြန်ခဲ့သည်။ ဒီကစ္စတွင်မူ
စစ်ရာထူးခန့်ချုပ်မှ သူ့ဆန္ဒကို လိုက်လျောခဲ့ရသည်။ စစ်ရာထူးခန့်ချုပ်မှ
ရာထူးလျှော့ရန် အမိန့်ထမ်မံပေးနိုင်ပါသော်လည်း သူခန့်အပ်ထားသည့် ဗိုလ်ကြီး
နှင့် တပ်ရင်းမှူးအကြား မသင့်မြတ်မှုများ ထွက်ပေါ်လာမည် စိုးရိမ်သောကြောင့်
ဖြစ်သည်။
၁၈။ ၁၉၄၉ ခုနှစ် နိုဝင်ဘာလတွင် တပ်ရင်းတပ်ထိန်းမှ
ရိုးရာအရက်သေစာသယ်ဆောင်လာသော အမျိုးသမီးနှစ်ဦးအား ဖမ်းမိခဲ့ရာ
မင်္ဂလာဒုံရဲစခန်းသို့ ထိန်းသိမ်းခဲ့သည်။ ထိုအမျိုသမီးနှစ်ဦးသည်
ချင်းတပ်ရင်း (၂) မှ မိသားစုဝင်များ ဖြစ်သည့်အကြောင်း နောက်မှသိခဲ့ရသည်။
ချင်းတပ်ရင်း (၂) မှ မင်္ဂလာဒုံရဲစခန်းသို့ ကိုယ်စားလှယ်စေလွှတ်ပြီး
ထိုအမျိုးသမီးနှစ်ဦးအား လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ရဲစခန်းမှလွှတ်ပေးရန်
ငြင်းဆန်ခဲ့သည်။ နောက်တစ်နေ့တွင် တပ်ရင်း (၂) မှ တပ်စိတ်တစ်စိတ် နှင့်
အရာခံဗိုလ်တစ်ဦး ရဲးစခန်းအား ဝန်းရံပြီး ထိုအမျိုသမီးနှစ်ဦးကို
လွှတ်ပေးရန်တောင်ဆိုခဲ့ရာ မင်္ဂလာဒုံရဲစခန်းမှ အင်းစိန်ရဲစခန်းသို့
ပို့ဆောင်ကြောင်း သူတို့သိလိုက်ရသည်။
ထို့နောက် မင်္ဂလာဒုံရဲစခန်းမှ
စာရေးတစ်ယောက်အားခေါ်သွားပြီး အင်းစိန်ရဲစခန်းသို့ သွားရောက်ကာ
အမျိုးသမီးနှစ်ဦးအား ထုတ်ယူခဲ့ကြသည်။ ထိုအဖြစ်အပျက်တွင် ပါဝင်သည့်
စစ်သားများအား စစ်ဆေးပြီးအရေးယူရန် တောင်ပိုင်းစစ်တိုင်းခွဲဌာနမှ
ဒုဗိုလ်မှူကြီးဆွန်ခေါပေါင်အား အမိန့်ပေးခဲ့သည်။ ဗိုလ်မှူးကြီးမှ
ပြန်လည်တုန့်ပြန်ရာတွင် “သာမန်အခြေအနေအရဆိုရင် တရားမရုံး (Civil Court)
ဟာအထွတ်အထိပ်ဖြစ်တယ်ဆိုတာ နားလည်တယ်။
ယခုချိန်မှာ ပြည်တွင်းစစ်
ဖြစ်ပွားနေတဲ့အချိန် ဖြစ်တယ်။ ခင်ဗျားတို့သိတဲ့ တရာမဥပဒေ (Civil Law)
လောက်နဲ့ ရိုင်းရိုင်းဆိုင်းဆိုင်း ဆရာကြီးလာလုပ်တာ သိပ်သဘောကျမကျဘူး” [It
is a known fact that the civil court is supreme under normal
circumstances and it is not very much appreciated that your knowledge of
civil law is being professed to me in suah a rude manner]
လို့တုန့်ပြန်လိုက်သည်။ ဒီကိစ္စအတွက် သူ့နည်းသူ့ဟန်နဲ့ဘဲ တပ်ရင်းထဲမှာ
ဖြေရှင်းလိုက်တယ် လို့ သူအစီရင်ခံထားတယ်။
နောက်ပြီး
တောင်ပိုင်းစစ်တိုင်းခွဲဌာနကို စာပြန်ပို့ရာ “ဒီကိစ္စကိုခင်ဗျားတို့
လက်လွှတ်လိုက်ပါ။ ကျွန်တော်ဆုံးဖြတ်တဲ့အတိုင်းဘဲ ရှိပါစေတော့”
လို့ပြန်ပို့ခဲ့သည်။ ထိုစာကို အင်းစိန်ခရိုင်ရဲဌာနမှူးရုံး (Insein
District Superintentdent of Police) နှင့် အင်စိန်ရာဇဝတ်တရားသူကြီး
(Magistrate) ထံသို့ပို့ဆောင်ခဲ့သည်။ ထိုအမျိုးသမီးနှစ်ဦးအား Section 30
(a) of The Exeercise Act ဖြင့်တရားစွဲရန် ပြင်ဆင်သည့်
အင်စိန်ရာဇဝတ်တရားသူကြီး (Magistrate) ထံသို့လည်းယင်း အမှုကို
ပိတ်ပင်ပေးရန် သီးသန့်စာပို့ခဲ့သည်။
၁၉။ ၁၉၅၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ချင်းတပ်သားနှစ်ဦးသည် ရှေ့တန်းမှ
အရပ်သားများစီးသည့်ကားနှင့် ပြန်လာခဲ့ကြသည်။ မင်္ဂလာဒုံဂိတ်တွင်
တပ်ကြပ်ကြီးအဆင့်ရှိ တပ်ထိန်းမှ စစ်ဆေးရန်လုပ်ဆောင်မည်အပြုတွင်
ချင်းတပ်သားနှစ်ဦးမှ အစစ်ဆေးမခံခဲ့သည့်အပြင် ကားမောင်းသူအား အစစ်ဆေးမခံဘဲ
ဆက်လက်မောင်းနှင်ရန် အမိန့်ပေးခဲ့ပြီး ဂိတ်ကိုကျော်ဖြတ်ခဲ့ကြသည်။
အဲဒီအဖြစ်အပျက်ကို တပ်ရင်းတပ်ထိန်းမှ တပ်ရင်းမှူး ဆွန်ခိုပေါင်ထံသို့
တိုင်ကြားခဲ့ရာ .. တပ်ရင်းမှူးမှ “ချင်းတပ်သားတွေလောက် ပြည်ထောင်စုအပေါ်မှာ
သစ္စာရှိတဲ့သူမရှိဘူး၊ ချင်းတပ်သားတွေ ပြည်ထောင်စုအပေါ်မှာ
အန္တရာယ်ပြုမှာမဟုတ်ဘူး။
ဒီကိစ္စက အသေးမွှားကိစ္စလေးဖြစ်တဲ့အတွက်
ဘာမှစစ်ဆေးရန်မလိုပါ” လို့တုန့်ပြန်ခဲ့သည်။ တောင်ပိုင်းစစ်တိုင်းခွဲဌာနမှ
တပ်မတော်ထဲတွင် လူမျိုးတစ်မျိုးကို အသာပေးသည့် ဓလေ့မရှိကြောင်း၊ မည်သူမဆို
တပ်မတော်စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားရာတွင်
တပ်ရင်းမှူးမှ .. “ဒီကိစ္စရဲ့အရင်းမြစ်ကတော့ စစ်ဆေးတဲ့သူဟာ
သူ့ရာထူးနဲ့ထိုက်သင့်သလို မနေလို့သာဖြစ်ခြင်းဖြစ်ကြောင်း၊
ကျွန်တော့တပ်သားတွေထဲမှာ အစိုးရကို ပုန်ကန်တဲ့သူမရှိသလို ချင်းတပ်သားတွေ
ဒုက္ခမျိုးစုံးခံစားရတဲ့ကြားမှာ အခုလိုမျိုး အသေးမွှားကိစ္စလေးနဲ့
တပ်ရင်းကို လာရှုပ်ကြတာ မိမိအနေဖြင့် အံ့အားသင်မိကြောင်း။
၄-၁-၄၈ မှစပြီး
ကျွန်တော်အပါအဝင် ကျွန်တော့တပ်သားတွေရဲ့ စစ်သားမဆန်တဲ့
လုပ်ဆောင်ချက်တွေရှိရင် အကြောင်းကြားပါ။ ရှိခဲ့သည်ဆိုရင်
တပ်ရဲ့စည်းကမ်းအတိုင်းလိုက်နာ ဆောင်ရွက်မှာဖြစ်ကြောင်း” တုန့်ပြန်ခဲ့သည်။
၂၀။ တစ်ဖန် ၁၉၅၀ ခုနှစ် ဖေဖော်ဝါရီလ တွင် ဗမာ့တပ်မတော်ထဲမှာ
ချင်းတပ်သားတွေချဉ်းဘဲ တပ်မဟာ (Brigade) တစ်ခုစာလောက်ရှိပြီဖြစ်တဲ့အတွက်
ချင်းလူမျိုးထဲမှာ ချင်းအရာရှိတစ်ယောက်ကို ဗိုလ်မှူးချုပ် (Brigadier)
ရာထူးပေးရန် ချင်းရေးရာကောင်စီထံသို့ တင်ပြခဲ့သည်။ ချင်းရေးရောကောင်စီမှ
စစ်ရေးချုပ်ရုံးသို့ ထမ်မံတင်ပြခဲ့သည်။ စစ်ရေးချုပ်ရုံးမှ
ပြန်လည်တုန့်ပြန်ရာတွင် တပ်မတော်ထဲတွင် ရာထူးတို့ခန့်အပ်ရခြင်းသည်
စစ်သားဦးရေနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ စစ်ဘက်ဆိုင်ရာတွင် စီနီယာကျသူ၊
ဝါရင့်သူ၊ သက်တမ်းရင့်သူ နှင် အုပ်ချုပ်ရေးပိုင်း ကောင်းမွန်သူ (seniority
in consistant with efficiency) တို့ကိုသာ ရာထူးတိုးလေ့ရှိကြောင်း၊
ထိုသို့ရာထူးတိုးရာတွင် လူမျိုးခွဲခြားခြင်းမရှိဘဲ တပ်မတော်
ရာထူးတိုးရေးဆိုင်ရာတွင် လိုအပ်သည့် အချက်အလက်များ (promotion rules) နှင့်
ပြည့်စုံဖို့ လိုအပ်ကြောင်း … တုန့်ပြန်ခဲ့သည်။
ထိုတုန့်ပြန်ချက်ကို
ချင်းရေးရာကောင်စီမှ ချင်းတပ်ရင်းများအားလုံး နှင့် ယူ.အမ်.ပီ
တပ်ရင်းထံသို့ ပို့ခဲ့ကြသည်။ တပ်ရင်း (၂) မှတပ်ရင်းမှူး
ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင်မှ ချင်းရေးရာဌာန နှင့်
အခြားချင်းတပ်ရင်းများသို့ ပြန်လည်တုန့်ပြန်ရာတွင် … စစ်ရုံးချုပ်ရဲ့
မူများကို ဝေဖန်ခဲ့သည်သာမက .. သူ့ အထက်အရာရှိ ဗိုလ်မှူးချုပ် ကျော်ဇော
အားရာထူးတို့းပေးသည့် အချက်များကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ဒုဗိုလ်မှူးကြီးဆွန်ခေါပေါင်မှ ထိုစာထဲတွင် …. ရာထူးတိုးရာတွင်
စစ်ရုံးချုပ်ပြောသည့် seniority in consistant with efficiency နှင့်
တပ်မတော် ၏ ရာထူးတိုးရေးဆိုင်ရာတွင် လိုအပ်သည့် အချက်အလက်များ (promotion
rules) နှင့် ပြည့်စုံဖို့ လိုအပ်ကြောင်းဆိုသည့်အချက်မှာ လက်တွေ့အားဖြင့်
အကောင်အထည်ဖော်ခြင်း မရှိသည်ကို တွေ့ရှိနိုင်သည်။
သာဓကအားဖြင့်
ဗိုလ်မှူးချုပ် ကျော်ဇောကို ရာထူးတိုးပေးတုန်းက ခင်ဗျားတို့ပြောတဲ့
အချက်အလက်တွေနဲ့ စိစစ်ပြီးမှ ပေးတာမဟုတ်တာသေချာပါတယ်။ သူဟာ
အမျိုးကိုချစ်တယ်၊ အလုပ်ကြိုးစားတာမှန်တယ် … ဒါပေမယ့် ခင်ဗျားတို့ပြောတဲ့
ဝါရင့်သူ၊ အုပ်ချုပ်ရေးဘက်မှာ ကောင်းကောင်းမွန်မွန်အုပ်ချုပ်နိုင်သူ၊
ပညာရေးမှာထူးချွန်သူ၊ စစ်ဘက်ဆိုင်ရာ ထူးချွန်သူစတဲ့အချက်တွေနဲ့
ပြည့်စုံတဲ့သူ ဖြစ်ပါသလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်။
ချင်းတပ်ရင်းတွေရဲ့အမြင်မှာ သူဟာ ဗမာလူမျိုးမိုလို့ ရာထူးတိုးပေးတာဖြစ်တယ်။
ဗမာပြည်သူတွေကသူ့ကို ရာထူးကြီးကြီးနဲ့မြင်ချင်လို့
ရာထူးတိုးပေးတာဘဲလို့မြင်တယ်။ သူ့လိုဘဲ ကျွန်တော်တို့ ချင်းတပ်ရင်းတွေလည်း
အလုပ်ကြိုးစားတယ်။ ပြည်ထောင်စုအပေါ်မှာ သစ္စာရှိတယ်။
ပညာရေးဘက်မှာဘဲဖြစ်ဖြစ်၊ စစ်ရေး၊ အုပ်ချုပ်ရေးဘက်မှာ ကောင်မွန်သေသပ်စွာ
ဆောင်ရွက်နိုင်တဲ့ အမျိုးကိုချစ်တဲ့စိတ် နှင့် သစ္စာရှိတဲ့ ချင်းအရာရှိတွေ
ဗိုလ်မှူးချုပ်ရာထူးနှင့်ကိုက်ညီတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့
ချင်းအရာရှိတွေရှိတယ် …… လို့ တုန့်ပြန်လိုက်သည်။
တစ်ချိန်တည်း
ချင်းရေးရာဌာနကိုလည်း ရာထူးတိုးပေးရေးတွင် ပြင်းပြင်းထန်ထန်
တောင်းဆိုခြင်းမရှိတာကြောင့် ဝေဖန်ခဲ့သည်။
ဒု-ဗိုလ်မှူးကြီးဆွန်ခိုပေါင်ဟာ သူ့စိတ်ထဲကရှိတာကို
လွတ်လပ်စွာပြောဆိုလေ့ရှိတယ်။ သူ့ကိုယ်သူပြောပိုင်ခွင့်ရှိတယ်လို့
သူယူဆပေမယ့်လည်း သူဟာ နိုင်ငံသားတစ်ဦးဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ကာကွယ်ရမယ့်တာဝန် သူ့မှာရှိတယ်။ ဖွဲ့စည်းဖုံအခြေခံဥပဒေထဲမှာ
တပ်မတော်သားများ သူတို့တာဝန်ထမ်းဆောင်ရန် လိုက်နာရမည့်စည်းကမ်းများရှိပြီး
ဥပဒေစိုးမိုးရေး နှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်များ ထမ်းဆောင်ကြသည့်
ကာကွယ်ရေးဌာနအောက်မှ ဝန်ထမ်းများ၏ လွတ်လပ်စွာပြောဆိုခွင့်ကို
အတိုင်းအတာတစ်ခုအထိသာ ခွင့်ပြုသည် (restricting to a great extent this
right of free expression for members of the defence forces)။
တပ်မတော်စည်းကမ်းထဲမှာလည်း လွပ်လပ်စွာပြောဆိုဝေဖန်ခွင့်ကို
အတိုင်းအတာတစ်ခုအထိသာ ခွင့်ပြုထားသည်။ သူ့အနေဖြင့် အထက်အရာရှိများ
မကြာခဏဝေဖန် လေ့ရှိသည်ကို အထက်အရာရှိများ အချိန်အတန်ကြာ သည်းခံခဲ့ကြသည်။
အထူးသဖြင့် ချင်းတပ်ရင်းသုံးရင်းကို ဦးစီးတဲ့ အထက်အရာရှိကို
ဗိုလ်မှူးချုပ်ခန့်ထားခြင်းမှာ ထိုက်ထံမှုမရှိကြောင်း
ချင်းအရာရှိများထံတွင် ဝေဖန်ခြင်း နှင့် စစ်ရုံးချုပ်မှ ဗမာလူမျိုးကိုသာ
ဦးစားပေးပြီးရာထူးတိုးကြကြောင်း စသည်တို့ကို ချင်းအရာရှိနှစ်ဦးထံတွင်
ဝေဖန်ခြင်းသည် ပူးပေါင်းလိမ်လည်ရန် ညှိထားခြင်းသာဖြစ်သည်။
ထို့ကြောင့် တပ်ဦးစီးချုပ်တွင် စည်းကမ်းထိန်းသိမ်းရမည့်
တာဝန်ရှိသည်နှင့်အမျှ ဒု-ဗိုလ်မှူးကြီးအား အရေးမယူလျင် ဒု-ဗိုလ်မှူးကြီးနဲ့
ပူးပေါင်းကြံစည်သူအဖြစ် ထင်မြင်ခံရနိုင်သည်။ ထို့ကြောင့်
တပ်ဦးစီးချုပ်အနေဖြင့် သူ့အားဖမ်းဆီးထိမ်းသိမ်းရန် နှင့် စစ်ခုံရုံးတင်ရန်
အမိန့်ထုတ်ရခြင်းဖြစ်သည်။ တပ်ဦးစီးချုပ်အနေဖြင့် ဥပဒေဘောင်အတွင်း
ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် အခွင့်အရေးပေးထားသည်။ ယခုအခါ သူ့မှာ အပြစ်ရှိ၊
မရှိကို စစ်ခုံးရုံး ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ကြည့်ရမည်ဖြစ်သည်”
ဟူ၍တွေ့ရှိနိုင်သည်။
ထိုသို့ စစ်ခုံရုံးမှ သူ့အမှုအား စစ်ဆေးပြီးနောက် ၁၉၅၀ ခုနှစ် ဧပြီလတွင် တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။