Thursday, February 1, 2024

အာဏာသိမ်းခြင်း ၃ နှစ်ပြည်.

 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံရတာ ဒီနေ့မှာ သုံးနှစ်တိတိပြည့်ခဲ့ပါပြီ။ ဒီသုံးနှစ်အတွင်း စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် စုစုပေါင်း သေဆုံးသူ ၄,၄၇၄ ယောက်ရှိပြီး အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၄၈ ယောက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က သုံးနှစ်တာ စုဆောင်းထားတဲ့အချက်လက်တွေအရ သိရပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး မကွေး၊ မန္တလေး၊ ပဲခူး၊ ချင်း၊ ရှမ်း၊ ရခိုင်၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေကလည်း သေဆုံးသူများပါတယ်။ ကလေးသူငယ်သေဆုံးမှုတွေကတော့ တနိုင်ငံလုံးအတိုင်းတာနဲ့ရှိနေပါတယ်။

အစုလိုက်အပြုံလိုက် ကလေးသူငယ် သေဆုံးမှုတွေဖြစ်ခဲ့တာတွေကတော့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့တာပါ။

လေကြောင်းကနေပစ်ခတ်တာကြောင့် မူလတန်း၊ အလယ်တန်း ကလေးငယ် ၆ ယောက်အပါအဝင် ၁၃ ယောက် သေဆုံးခဲ့ပါတယ်။

“သမီးလေးသေတာကို အခုထိ လက်မခံနိုင်သေးဘူး” - ပဇီကြီးရွာသူမိခင်

နောက်တစ်ခုကတော့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ ပြည်သူ့အုပ်ချုပ်ရေးရုံးခန်းဖွင့် အလှူပွဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်ခတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၁ ရက်မှာ မနက်ခင်းမှာဖြစ်ခဲ့တာပါ။ အဲ့ဒီမှာ ကလေးသူငယ်အပါအဝင် အရပ်သား ၁၇၁ ယောက် သေဆုံးခဲ့ပါတယ်။

“ကျွန်မ သမီးလေးအလောင်းကို မမြင်ခဲ့ရဘူး။ အလှူကနေ ကျွန်မ ခဏပြန်ပြီး အမေနဲ့သမီးကို ထမင်းစားဖို့ အလှူမှာထားခဲ့တာ၊ အိမ်ပြန်လို့ ခဏလေးမှာပဲ ဖြစ်သွားခဲ့တာ။ သမီးလေးကို အခုထိမျှော်နေတုန်းပဲ။ သမီးသေတာကို အခုထိ လက်မခံနိုင်သေးဘူး”လို့ ပဇီကြီးကျေးရွာ လေကြောင်းပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ကလေးတစ်ယောက်ရဲ့ မိခင်က ပြောပါတယ်။

 

အဲ့ဒီဖြစ်ရပ်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေဟာ အခုချိန်ထိ စိုးရိမ်ထိတ်လန့်တာတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ ခံစားနေကြရတုန်းပဲလို့ ကူညီပေးနေသူတွေက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်မှာ အသက် ၁၈ နှစ်အောက် ဖမ်းဆီးခံရတဲ့ကလေးငယ် ၇၁၂ ယောက်ရှိပြီး အဲ့ဒီထဲက ၃၁၆ ယောက်ဟာ လက်ရှိချိန်အထိ ချုပ်နှောင်ခံနေရပါတယ်။ အများဆုံးအဖမ်းခံရတာ ရန်ကုန်တိုင်းက ဖြစ်ပြီး စစ်ကိုင်းက ဒုတိယနဲ့ တတိယကတော့ မန္တလေးတိုင်းဖြစ်ပါတယ်။

အမျိုးသမီးသေဆုံးတာကတော့ ၇၇၅ ယောက်ရှိပြီး အများဆုံးဒေသကတော့ စစ်ကိုင်းတိုင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီပမာဏဟာ စုစုပေါင်း သေဆုံးသူတွေထဲက ၁၇.၃ ရာခိုင်နှုန်းရှိပါတယ်။

 

No comments:

Post a Comment

မြသွဲ့သွဲ့ခိုင်(သို့မဟုတ်) အာဏာသိမ်းမှုကြောင့် ပထမဆုံး အသက်ပေးခဲ့ရသူ

  စစ်အာဏာသိမ်းမှုကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေထဲမှာ နေပြည်တော်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်က ပထမဆုံးဖြစ်ပါတယ်။ ၂၀၂...