Saturday, January 28, 2023

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး

 Statement on the 46th Anniversary of Martyrdom of Salai Tin Maung Oo -  Institute Of Chin Affairs

ဆလိုင်းတင်မောင်ဦး သည် ၁၉၅၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ချင်းတိုင်းရင်းသားများဖြစ်ကြ‌သော အဖ ဦးလှဒင် (သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နှင့် အမိ ဒေါ်နှင်းမြိုင် (တောင်ကုတ်-ရခိုင်ပြည်နယ်ဇာတိ) တို့မှ တောင်ငူ မြို့‌တွင် မွေးဖွားသော သား/သမီးများအနက် အကြီးဆုံး‌သားဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ငယ်စဉ် ကတည်းကပင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် အဒေါ်နှင့်အတူ နေထိုင်ကြီးပြင်လာခဲ့သူသည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် အသက် (၁၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် (၁၆) နှစ်တွင် အခြေခံပညာအထက်တန်းကျောင်းကို အောင်မြင်ခဲ့သည်။ ဆလိုင်းတင်မောင်ဦးသည် အားကစား ရေးရာ၌ ထူးချွန်သည်သာမက အနုပညာ၌လည်း တယောကို ကောင်းစွာ တီးတတ်သူတစ်ဦးဖြစ်သည်။

တက္ကသိုလ် ကျောင်းသားဘဝတွင် နိုင်ငံရေး လှုပ်ရှားမှုများ၌ ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၆၉ ခုနှစ် ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ် သမိုင်းဝင်း အတွင်း ဖြစ်ပွားသော ကျောင်းသား လှုပ်ရှားမှုတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ ထိုလှုပ်ရှားမှု ကြောင့် အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ခြင်း ခံခဲ့ရသည်။

 မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုသော ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ထောင်မှ လွတ်လာခဲ့သည်။ ၁၉၇၄ ခုနှစ်၌ ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ချင်းအမျိုးသားများ စည်းလုံး ညီညွတ်ရေး အတွက် ချင်းအမျိုးသားများ၏ နာမည်ရှေ့တွင် ဆလိုင်းဟူ၍ လည်းကောင်း ချင်းအမျိုးသမီး များ၏ နာမည်ရှေ့တွင် မိုင်ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးစွဲရန် အတွက် အဆိုပြုခဲ့ပြီး အတည်ပြု နိုင်ခဲ့သည်။

၁၉၇၄ ခုနှစ်တွင် ဖြစ်ပွားသော ဦးသန့် အရေးအခင်း တွင် စစ်အစိုးရကို ရဲဝံ့စွာ ဆန့်ကျင်သော ကျောင်းသား ခေါင်းဆောင် တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။ ထိုအရေးအခင်းပြီးနောက် အစိုးရ၏ ဖမ်းဆီးမှုမှ လွတ်မြောက်ရန် အတွက် အခြား ကျောင်းသား ခေါင်းဆောင် ၅ ဦးနှင့် အတူ ထိုင်းနိုင်ငံ နယ်စပ်သို့ တိမ်းရှောင် ခဲ့သည်။ ထိုသို့ တိမ်းရှောင်စဉ် လက်နက်ကိုင် လှုပ်ရှားမှု မပြုလုပ်ဘဲ မြေအောက်ကျောင်းသား လှုပ်ရှားမှု သက်သက် သာ ဆောင်ရွက်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ရန်ကုန်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် ဖြစ်ပွားသော ရွှေတိဂုံ ကျောင်းသား အရေးအခင်းတွင် ဦးဆောင် ပါဝင်ခဲ့သည်။ စစ်တပ် အစိုးရမှ ဆန္ဒပြသော ကျောင်းသားများကို ဇွန်လ ၁၁ ရက်တွင် လိုက်လံဖမ်းဆီးပြီး ကြီးလေးသော ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

 သို့သော် ဆလိုင်းတင်မောင်ဦးမှာ အဖမ်းအဆီးမခံရဘဲ လွတ်မြောက် သွားခဲ့သည်။ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်တွင် ပြုလုပ်မည့် သခင် ကိုယ်တော်မှိုင်း၏ အသက် ၁၀၀ ပြည့် မှိုင်းရာပြည့် အရေးအခင်း ဖြစ်မြောက်အောင် ဦးဆောင် ကြိုးပမ်းနေစဉ် ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်တွင် ကမာရွတ် ပတ္တမြားခြံတွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

 မှိုင်းရာပြည့် အရေးအခင်းတွင် ဆလိုင်းတင်မောင်ဦး နှင့်အတူ ဖခင်ဖြစ်သူ ဦးမြဒင်နှင့် အစ်ကိုဖြစ်သူ ဆလိုင်းလှဆွေ တို့လည်း အဖမ်းခံခဲ့ရသည်။ ညီမ ဖြစ်သူ ထိုစဉ်က နဝမတန်း တက်ရောက်နေသော မိုင်ပိုပိုတင် ခေါ် မလှမြိုင်မှာလည်း အစ်ကိုဖြစ်သူနှင့် ဖခင်တို့ အဖမ်းခံရ ပြီး​နောက် မှိုင်းရာပြည့် အရေးအခင်းတွင် တက်ကြွ စွာ ပါဝင်လှုပ်ရှားခဲ့သဖြင့် အဖမ်းခံခဲ့ရပြန်သည်။ 

နောက်ဆုံးနေ.များ။............။ဆလိုင်း တင်မောင်ဦးအား အင်းစိန်ထောင်တွင် အမှောင်တိုက် နံပါတ် ၁ ၌ ချုပ်နှောင် ထားခဲ့သည်။ အဖမ်းအဆီးခံ ကျောင်းသားများအား စစ်ခုံရုံးတင် စီရင်ရာတွင် ဆလိုင်းတင်မောင်ဦးမှာ သေဒဏ်ပေးခြင်း ခံခဲ့ရသည်။ စစ်ခုံရုံးတွင် ပြင်ဆင်ချက်တင်လျှင် ပြစ်ဒဏ်လျှော့ပေးမည်ဟု ပြောခဲ့သော်လည်း "မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" ဟု ရဲဝံ့စွာ ပြန်ပြောခဲ့သည်။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ရက်တွင် လမ်းစဉ်ပါတီ အစိုးရမှ အင်းစိန်ထောင်တွင် ကြိုးပေး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။(Salai Tin Maung Oo  Wikipedia)

 

No comments:

Post a Comment

မြသွဲ့သွဲ့ခိုင်(သို့မဟုတ်) အာဏာသိမ်းမှုကြောင့် ပထမဆုံး အသက်ပေးခဲ့ရသူ

  စစ်အာဏာသိမ်းမှုကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေထဲမှာ နေပြည်တော်က အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်က ပထမဆုံးဖြစ်ပါတယ်။ ၂၀၂...