ထန်းပက်မောင်းသည် တောတောင်မှီ၍ ကြီးပြင်းလာ ရသူတစ်ဦးပီပီ ငယ်ရွယ်စဉ်ကပင် ချင်းဓလေ့ဖြစ်သည့် ငါးဖမ်း၊ ငှက်ထောင်စသည်တို့ကို ဝါသနာသန်ခဲ့သည်။ ဆယ်နှစ်ခန့်အရွယ်တွင် သူ့အပေါင်းအဖော် များနှင့်အတူ တစ်တောင်တက် တစ်တောင်ဆင်းဖြင့် ညောင်စေးထောင်း ကြသည်။ ညောင်စေးဖြင့်ငှက်ထောင်ကြရင်း လုပ်ရဲရွာသို့ ရောက်သွားကြသည်။ ထိုအချိန်က လုပ်ရဲရွာနှင့် ဝမ္မသူးရွာ တို့သည် တစ်ရွာနှင့်တစ်ရွာ ချောင်းမြောင်းတိုက်ခိုက်နေကြ သောအချိန်ဖြစ်သည်။လုပ်ရဲရွာသို့ရောက်စဉ် ထိုရွာတွင် အိမ်ထောင်ကျနေ သော ဦးဝမ္မသူးမောင်း၏ အရီးဖြစ်သူနှင့် ဦးစွာတွေ့၍ တော်သေးသည်။ ယောကျ်ားတစ်ဦးဦးနှင့် ဦးစွာတွေ့ ခဲ့လျှင် အသတ်ခံရမည်ဖြစ်သည်။
သူ့အရီးသည်
ထန်းပက်မောင်း နှင့် သူ့သူငယ်ချင်းတို့ကို အိမ်နောက်ဖေးချောင်တွင်
ပုတ်ကြီးဖြင့်အုပ်၍ ထမင်းနှင့်ခေါင်ရည်တို့ကို တိုက်ကျွေးပြီး
အခြေအနေကြည့်ကာ တောသို့ အမြန်ပြန်ရန်လည်း မှာခဲ့ရသည်။
ထန်းပက်မောင်းသည်
ငယ်ရွယ်စဉ်ကပင် မဟုတ်မခံ စိတ်ရှိသူဖြစ်သည်။ သူ၏ မဟုတ်မခံစိတ်ရှိခဲ့ပုံကို
ပြောပြ ရမည်ဆိုပါလျှင် ဝမ္မသူးရွာမှ သူငယ်ချင်းလူရွယ်တစ်ဦးသည်
အလွန်ကျီစားသန်၏။ “ဆင်ကျီစားရာ ဆိတ်မခံသာ” ဆိုသကဲ့သို့ သူ၏ကျီစားမှုများကို
ကလေးသူငယ်များ မခံ မရပ်နိုင်ကြပေ။
ထို့ကြောင့်
တစ်နေ့သော် တစ်ဖက်တောင် ယာမှ ထိုလူရွယ်ပြေးလာသည်ကိုမြင်သော ထန်းပက်မောင်း
သည် လမ်းခုလပ် လမ်းတစ်ဖက်တစ်ချက်တွင် ဆပ်နီပင် များကို
လမ်းတွင်ပူးချည်ထားသည်။ လူရွယ်ထိုနေရာသို့ ရောက်သောအခါ ဆပ်နီပင်များ
ဖုံးလွှမ်းနေသဖြင့် မှန်း၍ ပြေးနေရသည်။ ထိုစဉ် သူချည်ထားသော ဆပ်နီပင်တွင်
ခလုတ်တိုက်လဲကျခဲ့လေသည်။
မင်းတပ်ကျောင်းတွင်
နေစဉ်ကလည်း သူ၏ခြေ ထောက်တွင် ဝဲပေါက်သည်ကို ကျောင်းသားကြီးတစ်ဦးက
သွေးထွက်သံယိုအနာတရဖြစ်အောင် ပြုလုပ်သည်။ ထိုသို့ ပြုလုပ်သည်ကို
ထန်းပက်မောင်း မကျေမချမ်းဖြစ်နေသည်။ သို့နှင့် မိမိထက်ကြီးသော
ကျောင်းသားကြီးကိုပင် နည်းပရိယာယ်သုံး၍ချေပခဲ့သည်။ ဤသို့ ပြုလုပ်မှုတို့သည်
ငယ်ရွယ်စဉ်ကပင် မဟုတ်မခံစိတ် ရှိသူဖြစ်ကြောင်း ပေါ်လွင် စေသည်။
ဦးဝမ္မသူးမောင်းဟု အမည်ပေးပြောင်းလဲခဲ့ပုံ
ထန်းပက်မောင်းသည်
တောင်တက်ရွာ ဘုန်းကြီး ကျောင်းမှ သတ္တမတန်းအောင်သည်။ ထိုစဉ်က ပခုက္ကူ
နယ်လှည့်ဆရာများက သင်ကြားပေးခြင်းဖြစ်သည်။ ထိုဘုန်းကြီးကျောင်းတွင်ပင်
ဗုဒ္ဓဘာသာစာပေကို သင်ခဲ့ သည်။ ကိုရင်လည်းဝတ်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင်
ကိုရင်မှ လူထွက်၍ စစ်တပ်ထဲဝင်သည်။ စစ်တပ်ထဲသို့ဝင်သောအခါ
အမည်တစ်မျိုးပြောင်းသွားလေသည်။
အင်္ဂလိပ်တို့သည်
စစ်တပ်ထဲတွင် အမည်တူများမရှိရ လေအောင် ရက်လောင်းရွာမှဆိုလျှင်
“ရက်လောင်းလိန်း”၊ ဟဲဘုံရွာမှဆိုလျှင် “ဟဲဘုံထန်း” ဟူ၍ စာရင်းသွင်းကြလေ
သည်။ ထို့ကြောင့် ထန်းပက်မောင်းမှာလည်း စစ်တပ်ထဲ ဝင်သောအခါ
ဝမ္မသူးရွာသားဖြစ်၍ “ဝမ္မသူးမောင်း”ဟု စာရင်းရေးသွင်းရာမှ
ဦးဝမ္မသူးမောင်းဟူ၍ အမည်တွင်ခဲ့ရသူ ဖြစ်ပေသည်။
ဦးဝမ္မသူးမောင်း၏ နယ်ချဲ့လက်အောက်ခံစစ်သားဘဝ
ဦးဝမ္မသူးမောင်းသည်
နယ်ချဲ့လက်အောက်တွင် စစ်သားဘဝဖြင့် တာဝန်ထမ်းဆောင်ရင်း ပထမကမ္ဘာစစ် ကြီး၌
ဂျာမနီစစ်မြေပြင်တွင် ပါဝင်ဆင်နွှဲရန် သင်္ဘောဖြင့် ထွက်ခဲ့ရသည်။
အိန္ဒိယပြည် ဝါတန်သြပစ်မြို့သို့ အရောက် တွင် စစ်ကြီးပြီးသွားသဖြင့်
ပြန်လှည့်လာခဲ့ရသည်။ ထို့နောက် အိန္ဒိယပြည်၌ မာလဘာသူပုန်နှင့်
ကူကီးသူပုန်များ ထကြွ နေသည်ကို သွားရောက်နှိမ်နင်းခဲ့ရသည်။
ရန်သူကတုတ်
ကျင်းသို့တိုင် ချဉ်းကပ်၍ ရန်သူများသေကျေအောင် ရဲဝံ့စွန့် စားစွာ
လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဆုတံဆိပ်များစွာ
ရရှိခဲ့သည်။ ဂျာမေဒါ၊ ဆူပဒါ ရာထူးအဆင့် ဆင့်သို့လည်း
ချီးမြှင့်ခြင်းခံခဲ့ရသည်။
အင်္ဂလိပ်စစ်တပ်တွင်
တာဝန်ထမ်းဆောင်ချိန်သည် မြန်မာနိုင်ငံ နယ်ချဲ့လက်အောက်
ကျရောက်နေချိန်ဖြစ်သည်။ အင်္ဂလိပ်စစ်ဗိုလ်များသည် ချင်းစစ်သားများကို
စစ်မျက်နှာပြင်တွင် ရှေ့တန်း၌ အမြဲထားပြီး အသုံးချကြသည်။ သူတို့ကမူ
ဘေးကင်းရာနောက်ကွယ်မှ အမိန့်ပေး တတ်သည်။ အင်္ဂလိပ်စစ်ဗိုလ်များအတွက်မူ
သားနားသော စစ်ဝတ်စုံများ သတ်မှတ်ဝတ်ဆင်စေသည်။
တိုင်းရင်းသား
စစ်ဗိုလ်များမှာ ခပ်ညံ့ညံ့စစ်ဝတ်စုံကိုသာ ဝတ်ရသည်။ စားရိပ်သာတို့တွင်
တိုင်းရင်းသားစစ်ဗိုလ်အားလုံးဝင်ခွင့် မပြု၊ သူတို့အလိုကျ
စစ်ဗိုလ်အချို့ကိုသာ ဝင်ခွင့်ပြုသည်။ ဤသို့နယ်ချဲ့တို့၏
အတွင်းစိတ်သန္တာန်ကို လက်တွေ့နယ် ပယ်အနေဖြင့် တွေ့ထိသိရှိသူတစ်ဦးဖြစ်သည်။
ထို့ကြောင့် မျက်နှာဖြူစစ်ဗိုလ်များကို မကျေမနပ်ဖြစ်ကာ မခံချင်စိတ်
ပြင်းပြခဲ့သူဖြစ်ပေသည်။
တစ်နေ့တွင် ဦးဝမ္မသူးမောင်းသည်
မျက်နှာဖြူအရာရှိ ဝတ်စုံကိုချုပ်၍ ဝတ်ဆင်ပြီးရုံးတက်လာသည်။ အင်္ဂလိပ်
စစ်ဗိုလ်များက သူ့ကိုအကြီးအကျယ် ဆူပူကြိမ်းမောင်းကာ
ချက်ချင်းပြန်ချွတ်ခိုင်းသည်။ ထိုသို့အရွဲ့တိုက်ပြီး ကျေနပ် သောအခါ
ပြုံးစိစိဖြင့် ဝတ်စုံကိုပြန်ချွတ်သည်။ ထိုဝတ်စုံကို
အင်္ဂလိပ်စစ်ဗိုလ်စားပွဲပေါ်တွင် ဖုံးထားခဲ့လေသည်။ အင်္ဂလိပ် စစ်ဗိုလ်က
“ချွတ်ရင်ပြီးတာပဲ၊ ပြန်ယူသွား”ဟု ပြောသော်လည်း လှည့်တောင်မကြည့်ဘဲ
လာလမ်းအတိုင်း ပြန်ထွက် သွားလေသည်။
မျိုးချစ်စိတ်ဓာတ်အခြေခံကောင်းများ တည်ဆောက်ခြင်း
ဦးဝမ္မသူးမောင်း၏
မျိုးချစ်စိတ်ဓာတ်အခြေခံကောင်းများ တည်ဆောက်ခဲ့သည်ကို ပေါ်လွင်စေသည့်
အချက်အချို့မှာ ဦးဝမ္မသူးမောင်းကိုယ်တိုင် သီကုံးခဲ့သော ချိုးချင်းတေး
ကဗျာတစ်ပုဒ်ပါ ဒေါ်လိန်းဂေခေါတီးနှင့် ထိမ်းမြားပြီးနောက် မွေးဖွားလာသော
သားယောကျ်ားလေးကို အမြတ်တနိုးဖြင့် “မောင်ဘဖေ”ဟု
အမည်မှည့်ခေါ်စေခဲ့ခြင်းမှာလည်း တစ်ခု အပါအဝင်ဖြစ်ပေသည်။
ထိုသို့မှည့်ခေါ်စေခြင်းမှာ
သူကြည်ညိုလေးစားသူ လည်းဖြစ်၊ ချင်းတောင်ညီညွတ်ရေးအဖွဲ့၏ တောင်းဆိုချက်
များကို ဘုရင်ခံနှင့် ဥပဒေပြုလွှတ်တော်သို့ တင်ပေးခဲ့သူဖြစ် သော ထိုစဉ်က
အမျိုးသား ခေါင်းဆောင်ကြီး ဦးဘဖေ (ဖေ၊ ပု၊ ရှိန်)အမည်ကို
ယူခဲ့ခြင်းဖြစ်သည်။
ချိုးချင်းတို့၏ အမည်မှည့်ခေါ်ပုံတွင်မူ ယောကျ်ားလေးကို “ဖေ” ဆိုသော စကားလုံးဖြင့် မှည့်ခေါ်သည့်ဓလေ့နှင့်လည်း ကိုက်ညီအောင် မှည့်ခြင်းဖြစ်သည်။ ထိုသို့မှည့်ခေါ်ခဲ့မှုကို ဒေါ်လိန်းဂေခေါတီး က ချိုးချင်းရိုးရာ တေးကဗျာတစ်ပုဒ်တွင် ချိုးချင်းဘာသာ စကားဖြင့် ဂုဏ်တင်စပ်ဆိုခဲ့ပေသည်။ အဓိပ္ပာယ်မှာ သူ့အဖေ မှာ ချင်းနှင့်ဗမာ နှစ်ဖက်အမည်ကိုယူ၍ မှည့်ခြင်းဖြစ်သည်ဟု ဆိုလိုသည်။
No comments:
Post a Comment